အာရှနိုင်ငံတွေရဲ့ မိသားစုတွေဟာ ဥရောပနိုင်ငံတွေက မိသားစုတွေထက်စာရင် နွေးထွေးမှု၊ ကြင်နာမှု၊ ဂရုစိုက်မှုတွေရှိကြပါတယ်။ ဒါပေမယ့် အဲဒီအရာတွေရဲ့ တစ်ဘက်မှာ မိဘစကားကိုမြေဝယ်မကျနားထောင်ဖို့၊ လူကြီးသူမပြောတဲ့အရာတွေကို ပြန်လည်မေးခွန်းမထုတ်ဖို့၊ အများနည်းတူသာ တွေးခေါ်လုပ်ကိုင်ဖို့ ဆိုတဲ့ ရှေးရိုးစွဲအမြင်တွေလည်းရှိကြပါတယ်။ ကောင်းတာကတော့ မိဘမေတ္တာနဲ့ ရင်းနီးနွေးထွေးမှုကို အပြည့်အဝခံစားရပေမယ့် ဆိုးတဲ့အချက်ကတော့ လမ်းသစ်ဖောက်စွန့်စားရဲတဲ့ စိတ်တွေပျောက်ဆုံးသွားကုန်ကြတာဘဲဖြစ်ပါတယ်။
သူတို့တွေဟာ သူတို့ကလေးတွေ စိတ်မဝင်စားတဲ့အလုပ်တွေကိုလုပ်ဖို့ ဖိအားပေးတတ်ကြပါတယ်

အာရှနိုင်ငံသားမိဘတွေရဲ့ သားသမီးတွေဟာ ဆရာဝန်၊ ရှေ့နေ၊ အင်ဂျင်နီယာ စတဲ့အလုပ်တွေကို မရွေးချယ်ခဲ့/ မဖြစ်မြောက်ခဲ့ဘူးဆိုရင် သားသမီးတာဝန်မကျေပြွန်ဘူးလို့ သက်မှတ်ခံရတတ်ပါတယ်။ အခြားသော ပရော်ဖက်ရှင်နယ် အလုပ်တွေထက် ဆရာဝန်၊ ရှေ့နေ၊ အင်ဂျင်နီယာအလုပ်တွေက ပိုပြီးဂုဏ်ရှိကြတယ်လို့ထင်ကြပြီး ဘဝလမ်းကြောင်းခိုင်မာတယ်လို့ သတ်မှတ်ကြတဲ့အတွက် သားသမီးတွေရဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာရွေးချယ်မှုမှာ ဆရာဝန်၊ ရှေ့နေ၊ အင်ဂျင်နီယာ စတဲ့အလုပ်တွေကိုရွေးချယ်ဖို့ ဖိအားပေးစေခိုင်းတတ်ကြပါတယ်။
သားသမီးတွေဆီကနေ အများကြီးမျှော်လင့်တတ်ကြပါတယ်

သားသမီးတွေဆီကနေ အများကြီးမျှော်လင့်တတ်တဲ့ ပြသနာဟာ ဘယ်တော့မှပြည့်မလာတဲ့ တွင်းတစ်ခုထဲကို ရေတွေလောင်းထည့်နေတာနဲ့ တူပါတယ်။ သားသမီးအနည်းကသာ မိဘတွေလိုချင်တဲ့ ပညာရပ်ဆိုင်ရာနဲ့ အားကစားထူးချွန်မှုတွေကို ဖြည့်ဆည်းနိုင်စွမ်းရှိကြပါတယ်။ ဒါပေမယ့် အဲဒီကလေးငယ်တွေဟာ အောင်မြင်မှုရရှိခဲ့တယ်ဆိုရင်တောင် စိတ်ဖိစီးမှုဒဏ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ပြသနာတွေကို ခံစားလာရပါတယ်။ အခြားသောကလေးငယ်တွေ နွေရာသီအားလပ်ရက်ထွက်နေတဲ့ အချိန်မျိုးမှာ အာရှကလေးငယ်တွေကတော့ နောက်ထပ်စာသင်နှစ်အတွက် သင်ခန်းစာတွေကို လေ့လာနေကြရပါတယ်။ ကိုယ်ပိုင်အယူအဆထုတ်ဖော်မှုတွေကိုလည်း ဖိနှိပ်ထားခြင်းခံနေရပါတယ်။ သူတို့ဟာ အောင်မြင်ပြီး လုပ်ငန်းတွေ၊ ငွေကြေးတွေအများကြီး ပြည့်စုံလာခဲ့ရင်တောင်မှ သူတို့စိတ်ဝင်စားခဲ့တဲ့အရာဟာ အခြားတစ်ခုဖြစ်တာမို့ စိတ်ပါဝင်စားမှုတွေဟာ လျော့ကျပြီး အောင်မြင်မှုတွေကို လွယ်လွယ်ကူကူ ဆုံးရှုံးသွားစေနိုင်ပါတယ်။
သူတို့ဟာ အလွန်အမင်းဝေဖန်တတ်ကြပြီး မညီမျှတဲ့အပြစ်တွေလည်းပေးတတ်ကြပါတယ်

လုပ်ရပ်နဲ့ ပြစ်ဒဏ်မမျှတတာမျိုးကို အာရှနိုင်ငံက မိဘတွေဆီမှာတွေ့ရတတ်ပါတယ်။ သူတို့ရဲ့ ကလေးငယ်ကို အဆင့် ၁ ရရင် တောင်းဆိုထားတာဖြည့်ဆည်းပေးမယ်လို့ ကတိပြုခဲ့ကြပေမယ့် အဆင့် ၂ လောက်ဖြစ်သွားခဲ့ရင် ညံ့ဖျင်းလို့၊ အသုံးမကျလို့၊ ကြိုးစားမှုမရှိလို့ဆိုတဲ့ ပြစ်တင်ရှုံ့ချမှုတွေနဲ့ စိတ်ကိုနာကျင်အောင်ပြုလုပ်တတ်ကြပါတယ်။ သူတို့ရဲ့ အကြောင်းပြချက်ကတော့ မခံချင်စိတ်ကို မွေးဖွားစေပြီး ပိုပြီးကြိုးစားစေလိုတတ်တဲ့အတွက် တွန်းအားပေးခြင်းဖြစ်တယ်လို့ပြောတတ်ကြပါတယ်။ ဒါဟာ တကယ်ဘဲ အကျိုးဖြစ်ထွန်းမှုရှိစေပါသလားဆိုတာတော့ မေးခွန်းထုတ်စရာ အခြေအနေမျိုးဖြစ်ပါတယ်။
ပညာကောင်းကောင်းတတ်မှ အောင်မြင်ချမ်းသာနိုင်လိမ့်မယ်လို့ ယုံကြည်တတ်ကြပါတယ်

သူတို့ဟာ သားသမီးတွေကို ကျောင်းကောင်းကောင်းမှာ တက်နိုင်ဖို့၊ နာမည်ကြီးတက္ကသိုလ်မှာ ဝင်ခွင့်ရရှိဖို့ စတာတွေနဲ့ အဲဒီလိုကျောင်းတွေမှာ တက်ရောက်ခွင့်ရရှိတာဟာ ဂုဏ်သတင်းအရရော၊ ငွေရေးကြေးရေးဆိုင်ရာပါ အောင်မြင်နိုင်ဖို့များတယ်လို့ သတ်မှတ်တတ်ကြပါတယ်။ သူတို့ဟာ သူတို့ရဲ့သားသမီးများကို အခြားသောမိဘများရဲ့သားသမီးများနဲ့ နှိုင်းယှဉ်ပြောဆိုလေ့ရှိကြပါတယ်။ အခြားသောမိဘတွေရဲ့ သားသမီးတွေဟာ ဘယ်လောက်တော်ကြောင်း၊ ဉာဏ်ကောင်းကြောင်း၊ နာမည်ကြီးတက္ကသိုလ်ဝင်ခွင့်ရဖို့ သေချာကြောင်း စတဲ့ အောင်မြင်မှုအားလုံးကို ချဲ့ကားပြောဆိုပြီး သူတို့ရဲ့ သားသမီးများကို နာကျင်အောင်၊ မခံမရပ်ဖြစ်အောင် စိတ်ကိုဆွပေးကြပါတယ်။ ဒီလိုမျိုးလုပ်ရပ်ဟာ သူတို့ရဲ့ သားသမီးတွေအတွက် တွန်းအားဖြစ်စေနိုင်တယ်လို့လည်း လုံးဝယုံကြည်ထားတတ်ကြပါတယ်။
သူတို့ဟာ တွေးခေါ်မှုပိုင်းဆိုင်ရာကို ပုံသေထားတတ်ကြပါတယ်

လက်ရှိအနေအထားအရ တစ်ခုခုအောင်မြင်နေပြီဆိုရင် အဲ့ဒီနောက်ကိုဘဲလိုက်တတ်ကြပြီး ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှုနဲ့ ချဲ့ထွင်ခြင်းမရှိတတ်ကြပါဘူး။ အခုလက်ရှိအနေအထားသာ အကောင်းဆုံးဆိုတဲ့ အတွေးအခေါ်မျိုးရှိတတ်ကြပါတယ်။ ဒါကြောင့်မို့ သားသမီးတွေကိုလည်း အလုပ်အကိုင်နဲ့ ပတ်သတ်လို့ အများနည်းတူစွာ လုပ်ကိုင်စေချင်ကြပြီး ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှုနဲ့ လုပ်ကိုင်လိုကြတဲ့ လူငယ်တွေရဲ့ စိတ်ကို အားမပေးကြသလို လမ်းသစ်ဖောက်တာမျိုးကိုလည်း ခွင့်ပြုလိုခြင်းမရှိကြပါဘူး။
စွန့်ဦးတီထွင်လုပ်ကိုင်တာမျိုးကို မကြိုက်နှစ်သက်ကြပါဘူး

မိဘတွေဟာ အာရှရဲ့ ယဉ်ကျေးမှုလို့ နာမည်တပ်ရမလိုဖြစ်စေတဲ့ တည်ငြိမ်တဲ့ အလုပ်အကိုင်ကိုလုပ်ကိုင်ဖို့၊ ပုံမှန်ဝင်ငွေရှိနေဖို့ စတာတွေကို တွက်ချက်ပြီး ရေရှည်တည်တံ့မှုရှိနိုင်တယ်ဆိုတဲ့ အလုပ်တစ်ခုကိုသာ လုပ်ကိုင်စေလိုကြပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ အရာလို့မှတ်ထင်ရပေမယ့် အမှန်တကယ်တော့ သားသမီးတွေရဲ့ အောင်မြင်မှုလမ်းကြောင်းကို ထိခိုက်စေပါတယ်။ ကမ္ဘာကြီးမှာ ပြသနာကင်းတဲ့နေရာမရှိသလောက်ဖြစ်နေပြီး တည်ငြိမ်တယ်လို့ ထင်ရတဲ့ အလုပ်တစ်ခုကို ဖျက်စီးပစ်နိုင်တဲ့ အကြောင်းရင်းများစွာရှိကြပါတယ်။ ဒါကိုနားလည်သဘောပေါက်တဲ့ သားသမီးတွေက စွန့်ဦးတီထွင်လုပ်ကိုင်လိုကြပေမယ့် စွန့်ဦးတီထွင်မှုပြုလုပ်တာထက် သူတို့ရဲ့မိဘတွေကို နားလည်သဘောပေါက်အောင်ရှင်းပြရတာ ပိုမိုခက်ခဲတဲ့အကြောင်း ငြီးတွားကြလေ့ရှိကြပါတယ်။
တကယ်တော့အောင်မြင်သောလူအများစုရဲ့ အဓိကအချက်က သူများထက်ပိုပြီး တွေးခေါ်စွန့်စားတတ်ခြင်းနဲ့ ကျရှုံးခဲ့ရတဲ့ အမှားတွေကို သင်ခန်းစာယူတတ်ကြလို့ဘဲဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို ဖတ်ရှုသုံးသပ်ပြီး သားသမီးတွေအတွက် အကောင်းဆုံးဖြစ်စေနိုင်တဲ့ ပံ့ပိုးမှုတွေပေးနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
#Chit_may_may
#Dmo_aung
#Ref-willyoulaugh