သားသားမီးမီးတို့ အိပ်ပျော်နေတဲ့အချိန်မှာ ပြုံးနေတာကို ကြည့်ရင်း ချစ်မေမေတို့အပါအဝင် မိဘတွေအားလုံး ကြည်နူးမိကြမှာပါ။ အဲ့ဒီလိုမျိုးက မွေးကင်းစကလေးတွေမှာဖြစ်တတ်ပြီး ပြင်ပကလှုံ့ဆော်မှုတွေမပါဝင်ဘဲ ဖြစ်တတ်တဲ့အရာတစ်ခုပါတဲ့။ Rapid Eye Movement (REM) လို့ခေါ်တဲ့ အဆင့်မှာ သားသားမီးမီးတို့က အိပ်မက်မက်တတ်ကြပြီး အဲ့ဒီအိပ်မက်ကို တုံ့ပြန်တဲ့အနေနဲ့ အခုလို ပြုံးကြတာဖြစ်ပါတယ်။ သူတို့လေးတွေရဲ့ အသက်အရွယ်က အိပ်မက်မက်တဲ့အကြောင်းအရာကို ပြန်ပြောပြဖို့ ဘယ်လိုမှမဖြစ်နိုင်တာကြောင့် အခုလို အပြုံးကပဲ အိပ်မက်ကောင်းတစ်ခု မက်နေတယ်လို့ ယူဆရမှာပါ။

ဒါက သားသားမီးမီးလေးတို့ရဲ့ ဆက်သွယ်ရေးကိရိယာတစ်ခုအဖြစ်တောင် တင်စားလို့ရပြီး သူတို့ရဲ့ မိဘတစ်ဦးဦးအကြောင်း၊ အကြိုက်ဆုံးကစားစရာ ဒါမှမဟုတ် အိမ်မွေးတိရိစ္ဆာန်အကြောင်းတွေကို အိပ်မက်မက်နေမယ်ဆိုရင် ကောင်းမွန်တဲ့ခံစားချက်ကို ရရှိပြီး အခုလိုပဲ ပြုံးနိုင်မှာပါ။ အိပ်ရာကနိုးတာနဲ့ ဘေးမှာမိဘတွေမရှိရင် ငိုတတ်တာမျိုးတွေရှိပေမယ့် အိပ်မက်ကောင်းမက်နေရင်တော့ အိပ်နေရင်းနဲ့ ပြုံးပျော်နိင်ရုံတင်မဟုတ်ဘဲ အိပ်ရာကနိုးလာတဲ့အချိန်မှာလည်း ဂျီမကျဘဲကောင်းကောင်းမွန်မွန်နိုးလာကြပါလိမ့်မယ်။ ကလေးငယ်တွေ အိပ်မက်မက်ရင်း ပြုံးနေတာကို သိနိုင်ဖို့အတွက် ငယ်ငယ်က သင်ကြားခဲ့ဖူးတဲ့ Non- Rapid Eye Movement (NREM) နဲ့ ခုနကပြောခဲ့တဲ့ REM အဆင့် (၂) မျိုးကို သိထားဖို့လိုအပ်ပါတယ်။

သားသားမီးမီးတို့ အိပ်စက်တဲ့အချိန်မှာ NREM အဆင့် (၄) မျိုးအတိုင်း အဆင့် (၁) ကနေ (၄) အထိ အဆင့်ဆင့်အိပ်စက်ခြင်းဖြစ်ပါတယ်။ အဆင့် (၁) မှာ သားသားမီးမီးတို့က အိပ်ငိုက်တဲ့သဘောမျိုးနဲ့ မျက်လုံးဖွင့်လိုက်ပိတ်လိုက်ဖြစ်နေမယ်။ အဆင့် (၂) မှာတော့ အနည်းငယ်စတင်အိပ်ပျော်လာပြီဖြစ်ပြီး တခြားအနှောင့်အယှက်တွေ၊ အသံတွေကြားရင် နှိုးလာနိုင်ပါတယ်။ အဆင့် (၃) မှာတော့ မလှုပ်မယှက်နဲ့ နှစ်နှစ်ခြိုက်ခြိုက်စတင်အိပ်ပျော်နေပါပြီ။ အဆင့် (၄) ကတော့ NREM အဆင့်ရဲ့ နောက်ဆုံးအဆင့်ဖြစ်ပြီး လုံးဝကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့အဆင့်လည်းဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ အဆင့် (၄) ကနေ အဆင့် (၁) အထိ အစဥ်အတိုင်း ပြန်လည်ဖြစ်ပွားပြီး အဲ့ဒီအဆင့်တွေကြားထဲမှာ REM အနေအထားတွေဖြစ်ပေါ်ပါတယ်။ အဲ့ဒီအချိန်မှာ သားသားမီးမီးတို့က အိပ်ပျော်နေသည့်တိုင် ပိတ်ထားတဲ့မျက်ခွံအောက်က မျက်လုံးတွေက လျင်လျင်မြန်မြန်နဲ့လှုပ်ရှားနေမှာဖြစ်ပြီး ဦးနှောက်ကလည်း အလုပ်လုပ်ဆောင်နေမှာပါ။ REM က တစ်ခါတလေမှာ အိပ်ပျော်နေတဲ့အနေအထားကိုပါ နိုးလာအောင် စွမ်းဆောင်နိုင်ပြီး အဲ့ဒီအချိန်မှာ အလုပ်လုပ်တဲ့ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေက ပုံမှန်မအိပ်တဲ့အချိန်မှာ အလုပ်လုပ်တဲ့ဦးနှောက်ရဲ့ စွမ်းဆောင်ရည်နဲ့ တူညီတာကြောင့် REM အဆင့်မှာ အိပ်မက်မက်ကြတာပါ။

မွေးကင်းစသားသားမီးမီးလေးတွေက တစ်ရက်ကို (၁၆) နာရီလောက်အိပ်စက်ကြပြီး အဲ့ဒီအထဲကတစ်ဝက်လောက်က REM အဆင့်အိပ်စက်ခြင်းတွေဖြစ်ပါတယ်။ နည်းနည်းအရွယ်ရောက်လာတဲ့ ကလေးငယ်တွေကတော့ အိပ်ချိန်ပိုနည်းသွားပြီး REM အဆင့်နဲ့အိပ်စက်ချိန်လည်း နည်းပါးသွားပါတယ်။ အဲ့ဒါကြောင့် သားသားမီးမီးတို့အနေနဲ့ နေ့ဘက်အိပ်ရင်ပဲဖြစ်ဖြစ်၊ ညဘက်အိပ်ရင်ပဲဖြစ်ဖြစ် ပြုံးနေတာကို မြင်တွေ့ရတယ်ဆိုရင်တော့ သူတို့လေးတွေ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတယ်ဆိုတာကို သက်သေပြနေတာပဲဖြစ်ပါတယ်။
#HM
#ChitMayMay
Source: Momjunction