ကိုးလလုံးလုံး အစားရှောင်၊ အသွားရှောင် စသဖြင့် အရိပ်တကြည့်ကြည့် ကြည့်ခဲ့ရတဲ့ သားသမီးတွေ လူ့လောကထဲ ရောက်လာခဲ့ချိန်မှာလည်း စိတ်ချလက်ချနေလို့ မရသေးပါဘူး။ သူတို့လေးတွေ လမ်းကြောင်းမှန်ကိုရောက်ဖို့၊ မှန်မှန်ကန်ကန် ပြုကျင့်တတ်ဖို့၊ ကြိုးစားတတ်ဖို့ ဘက်ပေါင်းစုံကနေ ဂရုစိုက်ရတာကြောင့် ပိုပြီးတော့တောင် ခက်ခဲလာပါသေးတယ်။ သားသမီးတွေကို အုပ်ထိန်းရတယ်ဆိုတာဟာ ဘယ်တော့မှနားချိန်မရှိတဲ့ ၂၄ နာရီ ၇ ရက် အလုပ်တစ်ခုဖြစ်ပြီး ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကြောင့် သူတို့လေးတွေ လိမ္မာယဥ်ကျေး အောင်မြင်သူတွေဖြစ်ခဲ့ရင် အင်မတန်ပီတိဖြစ်ရတာလည်း မိဘတွေပါပဲ။ ဒါဆိုရင် ပြောစကားနားထောင်ပြီး လိမ္မာတော်တတ်လွန်းနေကြတဲ့ ကလေးငယ်တွေရဲ့ မိဘတိုင်းမှာ ရှိတတ်လေ့ရှိတဲ့ အကျင့်ကောင်းလေးတွေက ဘာများဖြစ်မလဲဆိုတာကို အတူတူ ဆက်ဖတ်ကြည့်လိုက်ရအောင်ပါ။
ကလေးတွေနဲ့အတူတူ ဆော့ကစားခြင်း

ကလေးတွေကို အပြင်ထွက်ပြီး ဆော့ကစားခိုင်းတော့မယ်ဆိုရင် နောက်တစ်ခေါက် ပြန်စဥ်းစားလိုက်ပါ။ သူတို့လေးတွေလှုပ်ရှားမှုရှိဖို့ကလည်း အရေးကြီးတာမှန်ပေမယ့် တစ်ဖက်မှာလည်း သားသမီးတွေနဲ့အတူတူ မိဘတွေပါ လိုက်ပါပြီး နေ့စဥ်ဆော့ကစားပေးဖို့ လိုအပ်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းက စိတ်ပိုင်းဆိုင်ရာကို မြှင့်တင်ပေးရာရောက်သလို လူမှုဆက်ဆံရေးမှာလည်း ပိုပြီးတော့ တိုးတက်လာမှာဖြစ်ပါတယ်။
မျှဝေခံစားတတ်ပြီး အငြင်းပွားမှုနည်းခြင်း

ကလေးငယ်တွေနဲ့ မိဘတွေကြားက ဆက်ဆံရေးက သူတို့လေးတွေရဲ့ အနာဂတ်ဘဝတွေပေါ်မှာ သက်ရောက်မှုအများကြီးရှိနေပါတယ်။ နွေးထွေးပြီး ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်ဝနေတဲ့ သားသမီး၊ မိဘဆက်ဆံရေးရှိသူတွေဟာ ရိုင်းစိုင်းကြမ်းတမ်းပြီး ခြိမ်းခြောက်မှုရှိသည့် ဆက်ဆံရေးထောင်ချောက်တွေထဲကို ကျရောက်ဖို့အလားအလာ နည်းပါးပါတယ်။
ကလေးငယ်တွေရဲ့ အိပ်စက်ချိန်ပေါ် အာရုံထားခြင်း

ကလေးတွေငယ်တုန်းမှာ အိပ်ရေးလုံလုံလောက်လောက်ရရှိဖို့ အင်မတန်အရေးကြီးသလို လူကြီးတွေအတွက်လည်း တစ်ထောင့်တစ်နေရာကနေ အရေးပါနေပါတယ်။ အိပ်ရေးဝဝမအိပ်ရတဲ့ ကလေးတွေဟာ သင်ယူမှုတွေမှာ စိတ်ဝင်စားမှုနည်းမယ်၊ ဖိအားတွေကျလာမယ် သို့မဟုတ် နာတာရှည်ကျန်းမာရေးဆိုင်ရာပြဿနာတွေ ကြုံလာရမယ် စသဖြင့် တခြားကလေးတွေထက် ခြေတစ်လှမ်းနောက်ကျနေမှာဖြစ်ပါတယ်။ ဒါကြောင့် ပျော်ရွှင်တက်ကြွတဲ့ ကလေးငယ်တွေကို ထိန်းကျောင်းပြုစုနေတဲ့ မိဘတွေဟ ဒီအချက်ကိုဘယ်တော့မှ မေ့လေ့မရှိကြပါဘူး။
စခရင်မ်အသုံးပြုချိန်ကို ကန့်သတ်ထားခြင်း

ရွှင်လန်းသွက်လက်တဲ့ ကလေးငယ်တွေကို ပြုစုပျိုးထောင်နိုင်ဖို့အတွက် မိဘတစ်ယောက်အနေနဲ့ သူတို့ကြည့်သမျှ၊ ဖတ်သမျှ၊ လေ့လာသမျှအကုန်လုံးကို ထိန်းချုပ်မှုရှိဖို့ လိုအပ်ပါတယ်။ Academy of Pediatrics ၏ ပြောချက်များအရ စခရင်မ်အရှေ့မှာ နာရီပေါင်းများစွာ အချိန်ကုန်တဲ့ကလေးငယ်တွေဟာ ဦးနှောက်ဖွံ့ဖြိုးမှု၊ လည်ပတ်မှုလျော့နည်းနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက်ရော၊ အဖက်ဖက်ကပါ အကျိုးများများစားစား မပေးနိုင်တဲ့ အရာတစ်ခုဖြစ်တာကြောင့် ကန့်သတ်ချက်နဲ့သာ ပေးသုံးသင့်ပါတယ်။
အကြမ်းဖက်မှုလုံးဝမပြုလုပ်ခြင်း

အကြမ်းဖက်မှုဆိုတာဟာ ဘယ်အရာတိုင်းရဲ့မှ အဖြေမဖြစ်နိုင်ပါဘူး။ အထူးသဖြင့် ငယ်ရွယ်သေးတဲ့ ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာပေါ်မှာ ဆိုးရွားတဲ့သက်ရောက်မှုတွေကို ဖြစ်ပေါ်သွားစေနိုင်ပါတယ်။ ရိုက်နှက်ပြစ်ဒဏ်တွေကို ကြုံတွေ့ရတဲ့ ကလေးငယ်တွေဟာ စိတ်ပိုင်းဆိုင်ရာပြဿနာများ၊ အသိဥာဏ်ပိုင်းဆိုင်ရာချို့ယွင်းချက်များ စသဖြင့် ဖြစ်နိုင်ခြေများနိုင်သည့်အတွက် စကားကြမ်းကြမ်းပြောတာတွေ၊ လက်ပါတာတွေကို အတတ်နိုင်ဆုံး မလုပ်မိပါစေနဲ့။
#Chit_May_May
#Thinzar
Ref- timesofindia