အချို့သောကလေးငယ်တွေဟာ သာမာန်ကလေးငယ်တွေလို ကျောင်းသင်ခန်းစာများကို အလွယ်တကူတတ်သိနိုင်ခြင်းမရှိကြပါဘူး။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ဦးနှောက်က လက်ခံခြင်း၊ လည်ပတ်ခြင်း၊ သိုလှောင်ခြင်း၊ တုံ့ပြန်ခြင်းနဲ့ သတင်းအချက်လက်များကို တိုက်ရိုက်အကျိုးသက်ရောက်စေတဲ့ အာရုံကြောပိုင်းဆိုင်ရာများ ပုံမှန်ဖြစ်မနေကြလို့ဘဲဖြစ်ပါတယ်။

သူတို့ဟာ သင်ယူဖို့အခက်အခဲရှိကြတယ်ဆိုပေမယ့်လည်း ဉာဏ်ရည်ကတော့ အလွန်ကောင်းမွန်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ဦးနှောက်က သတင်းအချက်အလက်တွေကို မတူညီတဲ့ နည်းလမ်းတွေနဲ့ မှတ်သားတတ်လို့ဘဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း သင်ယူမှုခက်ခဲတဲ့ဖြစ်စဉ်ဟာ သူတို့ရဲ့ ဉာဏ်ရည်နဲ့ အတန်းပညာရေးမှာတော့ စွမ်းဆောင်ရည်ကွာခြားမှုကို ဖြစ်ပေါ်စေတတ်ပါတယ်။

သင်ယူဖို့အခက်အခဲဖြစ်စေတဲ့ အကြောင်းရင်းများ
လေ့လာမှုများအရ မျိုးရိုးဗီဇဆိုင်ရာအချက်အလက်များသည် ကလေးငယ်များအတွက် သင်ယူမှုကို အခက်အခဲဖြစ်စေတဲ့ အဓိက အကြောင်းရင်းလို့သိရပါတယ်။ စာဖတ်ဖို့ခက်ခဲတဲ့ ပြဿနာဖြစ်ပေါ်ရခြင်းအကြောင်းရင်းမှာ အာရုံကြောဆိုင်ရာပြဿနာများကြောင့် မှန်ကန်စွာသင်ယူနိုင်ခြင်းမရှိခြင်း၊ ခရိုမိုဆုန်းများကျဆင်းခြင်း အစရှိတာတွေကြောင့်လို့လည်း သိရှိရပါတယ်။
အခြားသော သုတေသနများအရကတော့ ကိုယ်ဝန်ဆောင်စဉ်၊ မီးမဖွားမီနဲ့ မီးဖွားစဉ်က ပြဿနာများကြောင့်လို့လည်း တွေ့ရှိရပါတယ်။ အခြားသောသူများကတော့ အသက်ကြီးမှ ကိုယ်ဝန်ဆောင်မီးဖွားခြင်းကြောင့်ဖြစ်တယ်လို့လည်း ပြောကြပါတယ်။ ဒီလိုသင်ကြားရခက်ခဲတဲ့ ပြဿနာတွေရှိကြပေမယ့် ကလေးတွေရဲ့ လေ့လာမှုကို တိုးတက်စေတဲ့ ကုထုံးများလည်းရှိပါတယ်။

သင်ယူမှုခက်ခဲတဲ့ ကလေးတွေရဲ့ ဝိသေသလက္ခဏာများကတော့ ညွှန်ကြားချက်တွေကို နားလည်ဖို့ခက်ခဲခြင်းနဲ့ လိုက်နာဖို့ မသိတတ်ခြင်း၊ စာဖတ်ခြင်း၊ စာလုံးပေါင်းခြင်း၊ အရေးအသားနဲ့ သင်္ချာအခြေခံစွမ်းရည်များ မကျွမ်းကျင်ခြင်း၊ ဘယ်နဲ့ညာ ခွဲခြားဖို့ ခက်ခဲခြင်း၊ နံပါတ်များကို နားလည်ဖို့ ရှုပ်ထွေးမှုရှိခြင်း၊ ဖိနပ်ကို(သို့) ဖိနပ်ကြိုးများကို မှန်ကန်စွာ မစီးတတ်ခြင်း/ မချည်နှောင်တတ်ခြင်း၊ အချိန်နဲ့ပတ်သတ်လို့ ရှုပ်ထွေးမှုများရှိခြင်း (ဥပမာ- မနေ့က နဲ့ ဒီနေ့ကို မခွဲခြားတတ်ခြင်း)၊ အချို့သော စကားလုံးတွေနဲ့ ပတ်သတ်လို့ ရှုပ်ထွေးမှုများရှိခြင်း စသည်တို့ ဖြစ်ကြပါတယ်။

ဖြေရှင်းဖို့ နည်းလမ်းများ
သင်ယူမှုဖြစ်စဉ်ကို ပိုမိုလွယ်ကူစေရန်အတွက် ကလေးငယ်များကို နားလည်ပေးခြင်း၊ ချစ်ခြင်းနဲ့ အားပေးခြင်းတို့ လိုအပ်ပါတယ်။ သူတို့အတွက် နွေးထွေးကြင်နာမှုတွေပေးဖို့ တကယ့်ကို လိုအပ်ပါတယ်။ အဲဒီလို ပြုလုပ်ပေးခြင်းအားဖြင့် သူတို့ကိုသူတို့ ယုံကြည်မှုရှိစေပြီး သူတို့ရဲ့ သင်ယူနိုင်မှုစွမ်းရည်နဲ့ ပတ်သတ်လို့ သံသယတွေကို ဖယ်ရှားပေးဖို့ အထောက်အကူဖြစ်စေပါတယ်။
သူတို့ကို ဆော့ကစားခြင်းနဲ့ လက်တွေ့လုပ်ဆောင်မှုများတဆင့် သင်ကြားပေးဖို့လည်း အရေးကြီးပါတယ်။ အခြားသောကလေးငယ်များနဲ့လည်း ခင်မင်ရင်းနှီးမှုရှိဖို့ အားပေးသင့်ပါတယ်။ သူတို့သည် အမှားအယွင်းများကို လုပ်တတ်ကြပေမယ့်လည်း မိဘများက ထောက်ထားစာနာစွာ ဆက်ဆံပေးဖို့လိုအပ်ပါတယ်။ သူတို့သိချင်တဲ့ မေးခွန်းတွေကိုလည်း စိတ်ရှည်ရှည်ထားပြီး ရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်သွားအောင် ပြောပြပေးဖို့လိုအပ်ပါတယ်။ စည်မျဉ်းစည်းကမ်းများနဲ့ ပတ်သတ်လို့လည်း သိနားလည်အောင်ပြောပြပေးရပါမယ်။

သူတို့ ဘယ်လိုအရာတွေကို စိုးရိမ်ကြောက်ရွံ့တတ်ကြသလဲဆိုတာမျိုးကိုလည်း မိဘများကသိရှိထားဖို့လိုအပ်ပါတယ်။ အမှားအယွင်းတခုခုလုပ်ဆောင်မိလို့ ကျရှုံးမှုတွေနဲ့ ကြုံတွေ့လာခဲ့ရင်လည်း ဒါဟာ ဘဝမှာကြုံတွေ့ရတတ်တဲ့ အရာမျိုးသာဖြစ်တယ်လို့ နားလည်သဘောပေါက်စေပြီး အောင်မြင်မှုတွေရရှိလာချိန်မျိုးမှာတော့ ချီးကျူးထောက်ခံပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ မိမိကိုယ်ကို လေးစားမှုရှိပြီး ကျန်းမာဖွံ့ဖြိုးတိုးတက်တဲ့ ကလေးငယ်ဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
#Chit_may_may
#Dmo_aung
#Ref- youaremom
Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။