၁၂ နှစ်အရွယ် ကလေးငယ်တယောက်ကို မိဘတွေ သင်ကြားပေးရမယ့် အရာများ

0
1473
- Advertisement -

ကလေးငယ်တွေ အသက် ၁၂ နှစ်အရွယ်ရောက်ရင် သိထားသင့်တဲ့၊ သင်ကြားပေးသင့်တဲ့ အရာတွေရှိပါတယ်။ ဒီအသက်အရွယ်မှာ သူတို့ဟာ မိဘတွေရဲ့ ပြောဆိုမှုများကို ပိုမိုနားလည်လာကြပြီး ရင့်ကျက်မှုတွေလည်း ရှိလာပြီဘဲဖြစ်ပါတယ်။ သူတို့ငယ်ငယ်တုန်းကလို အကြောင်းအရာတခုခုကို ရှင်းပြဖို့အတွက် သင့်တော်မှန်ကန်တဲ့စကားတွေကို ရှာဖွေရတဲ့ အခက်အခဲကနေလည်း မိဘတွေ လွတ်မြောက်လာပြီဘဲဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာ အပြောင်းအလဲတွေဟာ ဆယ်ကျော်သက်အရွယ်လို့ သတ်မှတ်ထားတဲ့ အသက် ၁၂ နှစ်ကနေ ၁၈ အရွယ်မှာ ကြီးကြီးမားမားပြောင်းလဲသွားကြတာဘဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအသက်အရွယ်မှာ သူတို့သိသင့်တဲ့ အကြောင်းအရာအချို့ကို ပြောပြထားဖို့ အရေးကြီးပါတယ်။

သူငယ်ချင်းတွေနဲ့ ပတ်သတ်လို့

ဒီလိုအရွယ်မှာ သူငယ်ချင်းအပေါင်းအသင်းတွေကို အရမ်းခုံမင်တတ်နေပါပြီ။ ဒါကြောင့်မို့ သူငယ်ချင်းအများကြီးရှိဖို့ဆိုတာထက် ကိုယ်နဲ့ စိတ်တူကိုယ်တူပေါင်းလို့ရတဲ့ သူငယ်ချင်းမျိုးတွေကို ရွေးချယ်ပေါင်းသင်းဖို့နဲ့ ဘယ်လိုစိတ်ထားမျိုးရှိတဲ့သူတွေကို ရွေးချယ်ပေါင်းသင်းရမယ်ဆိုတာမျိုးကို သင်ကြားပေးဖို့ကအရေးကြီးပါတယ်။ ဒီအရွယ်မျိုးဆိုတာ မကောင်းတဲ့အပေါင်းအသင်းတွေနဲ့ ပေါင်းမိသွားရင် ကိုယ်ကိုယ်တိုင် မပျက်စီးသွားဘူးဆိုရင်တောင် ငြုပ်သီးနဲ့ပေါင်းလို့ ကြက်သွန်ပါအထောင်းခံလိုက်ရတယ်ဆိုတာမျိုး မဖြစ်စေဖို့အတွက် မိတ်ဆွေအပေါင်းအသင်းကောင်းတွေကို ရွေးချယ်ပေါင်းသင်းမိစေဖို့ကလည်း အရေးကြီးတဲ့ အချက်တချက်ဘဲဖြစ်ပါတယ်။

- Advertisement -

ကျန်းမာရေးနဲ့ပတ်သတ်လို့

ကျန်းမာရွှင်လန်းတက်ကြွတဲ့လူငယ်ဘဝကို ပိုင်ဆိုင်နိုင်စေဖို့အတွက် ဒီလိုအရွယ်ကနေစပြီး အုတ်မြစ်ချထားပေးသင့်ပါတယ်။ ကျန်းမာတဲ့ စားသောက်နေထိုင်မှုပုံစံ၊ အားကစားလေ့ကျင့်ခန်းများ အစရှိတဲ့အရာမျိုးတွေဟာ ရှေ့ဆက်လျှောက်လှမ်းရမယ့်ဘဝအတွက် ဘယ်လိုအရေးပါတာလည်းဆိုတာမျိုးကို နားလည်သဘောပေါက်စေဖို့လိုပါတယ်။ ဒါမှသာ သူတို့ရဲ့ ကျန်ရှိနေတဲ့သက်တမ်းတလျှောက်နဲ့ အနာဂတ်မျိုးဆက်သစ်လေးတွေကို ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံ လက်ဆင့်ကမ်းပေးနိုင်မှာဘဲဖြစ်ပါတယ်။

တာဝန်ဝတ္တရားနဲ့ပတ်သတ်လို့

နောင်အနာဂတ်မှာ အောင်မြင်မှုတွေကို ရရှိနိုင်ဖို့အတွက် ဒီလိုဆယ်ကျော်သက်အရွယ်ကတည်းက တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတဲ့ သဘောတရားတွေကို နားလည်သဘောပေါက်ထားဖို့လိုအပ်ပြီး ဘယ်လိုပြုမူဆောင်ရွက်ရမယ်
ဆိုတာမျိုးနဲ့ ရရှိလာမယ့်အကျိုးဆက်တွေကို ဘယ်လိုတာဝန်ယူရမယ်ဆိုတာမျိုးကို လေ့လာသိရှိထားဖို့က အရေးကြီးပါတယ်။ ဒါမှသာ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတဲ့ သဘောတရားတွေကို နားလည်သဘောပေါက်ပြီး ဘယ်လိုအရာမျိုးကို
လုပ်သင့်တယ်၊ ဘယ်လိုအရာမျိုးကိုတော့ မလုပ်သင့်ဘူး အစရှိတာတွေအပြင် ရရှိလာမယ့် အကျိုးနဲ့ အပြစ်ကို ကောင်းစွာခွဲခြား သိမြင်လာနိုင်မှာဘဲဖြစ်ပါတယ်။

အရက်နဲ့ မူးယစ်ဆေးဝါး

မြီးကောင်ပေါက်အရွယ်မှာ အရက်နဲ့ မူးယစ်ဆေးဝါးတွေဟာ ပြဿာနာကြီးတခုဖြစ်စေနိုင်ပါတယ်။ ဒီလိုအရွယ်မှာ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ စမ်းသပ်သုံးစွဲဖို့ စိတ်အားတက်ကြွနေတတ်ပါတယ်။ ဒါကြောင့်မို့ လူတွေရဲ့ ဘဝအပေါ် မူးယစ်ဆေးနဲ့ အရက်တွေရဲ့ သက်ရောက်မှုတွေနဲ့ ဆိုးကျိုးတွေကို နားလည်သဘောပေါက်စေဖို့အတွက် ရှင်းပြပြောဆိုပေးဖို့က အရေးကြီးပါတယ်။ ဒါမှသာ စမ်းသပ်သုံးစွဲလိုတဲ့စိတ်တွေကို ထိန်းချုပ်နိုင်ပြီး ကောင်းမွန်မှန်ကန်တဲ့ လမ်းကြောင်းတွေဆီကို ဦးတည်နိုင်မှာဘဲဖြစ်ပါတယ်။

နည်းပညာနဲ့ ပတ်သတ်လို့

ယနေ့ခေတ်ဟာ နည်းပညာခေတ်ဖြစ်တာနဲ့အမျှ နည်းပညာတွေဟာ လူတွေရဲ့ ဘဝအစိတ်အပိုင်းတခုလိုဖြစ်နေပါတယ်။ ဒါကြောင့်မို့ ဗီဒီယိုဂိမ်းများ၊ ဆဲလ်ဖုန်းများနဲ့ ဆိုရှယ်မီဒီယာတွေကို အသုံးပြုတာတွေထက် အနာဂတ်ဘဝအတွက်
အသုံးဝင်စေမယ့် နည်းပညာတခုခုကို လိုက်စားစေတာမျိုးက မိမိတို့ရဲ့ သားသမီးကို ပိုပြီးအကျိုးရှိစေနိုင်ပါတယ်။ ဒါပေမယ့်လည်း နည်းပညာပစ္စည်းတွေကို စွဲလန်းလွန်ပြီး မိသားစုဘဝနဲ့ကင်းကွာနေတာမျိုးမဖြစ်စေဖို့အတွက်ကိုလည်း ဂရုစိုက်ပေးဖို့လိုပါတယ်။ မိသားစုဘဝရဲ့ အနှစ်သာရကို သိရှိခံစားနိုင်စေဖို့အတွက် မိသားစုဝင်တွေအတူတူဆော့ကစားလို့ရတဲ့ ဂိမ်းတွေကို ဆော့ကစားခြင်း၊ လမ်းလျှောက်ထွက်ခြင်း၊ ပျော်ပွဲစားထွက်ခြင်း အစရှိတာတွေကိုလည်း လုပ်ဆောင်ပေးသင့်ပါတယ်။

လူ့သဘာဝနဲ့ လိင်ကိစ္စ

လိင်နဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို ပြောဆိုတာမျိုးကို မိသားစုအတွင်းမှာ တားမြစ်ထားတာမျိုး မဖြစ်သင့်ပါဘူး။ ဒီအကြောင်းအရာကို သဘာဝကျကျရှုမြင်ပြောဆိုပေးဖို့ လိုအပ်ပါတယ်။ ဒီလိုအကြောင်းအရာတွေကို အသိအကျွမ်းတွေ၊ သူငယ်ချင်းတွေ၊ အင်တာနက် အစရှိတာတွေကနေ ရှာဖွေသိရှိတာမျိုးထက် မိဘတွေကနေတဆင့် သိရှိနားလည်စေတာမျိုးက မဖြစ်သင့်တာမဖြစ်စေဖို့အတွက် ပိုပြီး နည်းလမ်းတကျဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ရှိတယ်ဆိုတာဘယ်လိုမျိုး၊ သန္ဓေတားခြင်းနည်းစနစ်များ၊ မိမိကိုယ်ကိုလေးစားဖို့နဲ့ သားယောက်ျားလေးဆိုပါက အမျိုးသမီးတွေအပေါ်လေးစားမှုရှိဖို့ကို အထူးဂရုပြုသင်ကြားပေးရမယ်။

ဆိုရှယ်မီဒီယာတွေနဲ့ ပတ်သတ်ပြီး

ဆိုရှယ်မီဒီယာတွေဟာ လူတွေကို စွဲလန်းစေတဲ့ သဘောမျိုးရှိပြီး ဆိုရှယ်မီဒီယာတွေကနေတဆင့် လူသိများကျော်ကြားလာဖို့အတွက် ယခုခေတ် လူငယ်တော်တော်များများ ကြိုးစားလာကြပါတယ်။ ဒါကြောင့်မို့ အချို့သော ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဖွင့်ချခြင်း၊ ဆိုရှယ်မီဒီယာတွေပေါ်မှာ မဖော်ပြသင့်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအတွေကို ဖွင့်လှစ်ပြသခြင်းများဖြင့် မိန်းကလေး၊ ယောက်ျားလေး အစရှိသည်ဖြင့် လူငယ်တွေဟာ နာမည်ကြီးဖို့၊ လူသိများဖို့တခုတည်းအတွက် ဦးတည်လုပ်ဆောင်နေကြပါတယ်။ ဒါဟာ ကောင်းမွန်မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘဲ သူတို့ရဲ့ အနာဂတ်ဘဝလမ်းကြောင်းကိုပါ အမည်းစက်အဖြစ် ထင်ကျန်စေနိုင်တဲ့အတွက် ကိုယ်ရေးကိုယ်တာနဲ့ပတ်သတ်သမျှကို ဆိုရှယ်မီဒီယာတွေမှာ မတင်သင့်ကြောင်း၊ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ မည်သူတဦးတယောက်နဲ့မျှ တိုင်ပင်ဆွေးနွေးတာမျိုး မလုပ်သင့်ကြောင့် ပြောပြထားပေးဖို့လိုပါတယ်။ မသာမာတဲ့သူတွေဟာ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ခိုးယူပြီး ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း အစရှိတာတွေကို လုပ်ဆောင်နိုင်တဲ့အတွက် ဒီအချက်ကိုလည်း အထူးဂရုပြု သိနားလည်စေဖို့အတွက် ပြောပြထားဖို့အတွက်လိုပါတယ်။

#Chit_May_May

#Dmo_aung

#Ref- youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here