COVID-19 ကြောင့်လူတွေအားလုံးစိုးရိမ်ပူပန်မှုတွေရှိနေတာမို့ သိသင့်သိထိုက်တဲ့ Covid-19 နဲ့ အစားအသောက်ဆိုင်ရာ ကျန်းမာရေးအချက်အလက်များ အကြောင်းတွေကိုဖော်ပြပေးလိုက်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ မိမိအိမ်မှာသာ ချက်ပြုတ်စားသောက်တာက အကောင်းဆုံးဘဲဖြစ်ပါတယ်။
COVID-19 ဟာ အစားအသောက်တွေကတဆင့် ကူးစက်နိုင်ပါသလား?

COVID-19 ဟာ အစားအစာတွေကတဆင့် ကူးစက်နိုင်ကြောင်းသက်သေအထောက်အထားမရှိပါဘူး။ ကူးစက်ခြင်းရဲ့ အဓိက အန္တရာယ်ကတော့ ရောဂါကူးစက်ခံထားရသူတွေနဲ့ နီးကပ်စွာဆက်ဆံခြင်းမှဖြစ်တယ်လို့ သိရပါတယ်။ စားနပ်ရိက္ခာလုပ်ငန်းများနဲ့ စားသုံးသူတွေအတွက် အကောင်းဆုံးကတော့ သန့်ရှင်းတဲ့အလေ့အကျင့်ကောင်းတွေကို ထိန်းသိမ်းထားဖို့နဲ့ အစားအသောက်များကို မပြင်ဆင်မှီနဲ့ ပြင်ဆင်ချက်ပြုတ်တဲ့ အချိန်မျိုးတွေမှာ လက်တွေကို သေချာဆေးကြောပေးဖို့ဘဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိသတင်းအချက်အလက်တွေကတော့ COVID-19 ဟာ အသုံးပြုတဲ့ပစ္စည်းတွေရဲ့မျက်နှာပြင်မာကျောမှုကို မူတည်ပြီး ၇၂ နာရီ( ၃ရက် )ထိ ရှင်သန်နိုင်တယ်လို့ သိရတဲ့အတွက် အစားအသောက်နဲ့သက်ဆိုင်တဲ့ အသုံးပြုပစ္စည်းတွေကိုတော့ သန့်သန့်ရှင်းရှင်းထားရှိဖို့လိုအပ်ပါတယ်။
ရောဂါပြန့်ပွားမှုကို တားဆီးဖို့ စားသောက်ကုန်လုပ်သားတွေအနေနဲ့ ဘာတွေပြုလုပ်လို့ရနိုင်မလဲ

ရောဂါကူးစက်တယ်လို့ သိထားရတဲ့အလုပ်သမားများ(သို့) သံသယရှိလုပ်သားများကို အစားအစာမျာကို မကိုင်တွယ်ဖို့သေချာထိန်းချုပ်သင့်ပါတယ်။ COVID-19 လက္ခဏာတစ်ခုခုရှိရင် ဝန်ထမ်းတွေကို အလုပ်မလုပ်ခိုင်းသင့်ပါဘူး။ စားသောက်ကုန်ထုတ်လုပ်တဲ့ အလုပ်သမားများဟာ ချောင်းဆိုးခြင်း၊ နှာချေခြင်း အစရှိတာတွေကို လက်နဲ့ကာကွယ်ပြီး ဆေးကြောသန့်ရှင်းခြင်းမပြုဘဲ စားသောက်ကုန်များကို လက်နဲ့ကိုင်တွယ်ပါက ဗိုင်းရပ်စ်ပိုးကူးစက်နိုင်ပါတယ်။
လက်ဆေးဖို့က အရေးကြီးပါတယ်

အလုပ်မစတင်မီ၊ နှာချေခြင်း (သို့) နှာခေါင်းနှိုက်ခြင်း၊ ချက်ပြုတ်ထားတဲ့စားစရာများ ဒါမှမဟုတ် အသင့်စားအစားအစာများကို မကိုင်တွယ်မီ၊ ကုန်ကြမ်းအစားများကို ကိုင်တွယ်ပြီး( သို့ ) ပြင်ဆင်ပြီးနောက်၊ လုပ်ငန်းတာဝန်များသန့်ရှင်းရေးလုပ်ပြီးနောက်၊ ဆေးလိပ်သောက်ခြင်း၊ ပိုက်ဆံများကိုကိုင်တွယ်ပြီးနောက် အစရှိတာတွေမှာ လက်ကို အမြဲတမ်း ဆေးကြောသန့်ရှင်းရပါမယ်။ ဒါမှသာ အစားအစာများမှကူးစက်မှုကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
သင့်တော်တဲ့ လက်ဆေးခြင်းစနစ်ဆိုတာ

ရေနွေးနွေးအောက်မှာ လက်များကို ဆပ်ပြာလုံလုံလောက်လောက်အသုံးပြုပြီး ပွတ်တိုက်ဆေးကြောပေးပါ။ လက်ချောင်းထိပ်များနဲ့ လက်မများအပါအဝင် လက်မျက်နှာပြင်အားလုံးကို အနည်းဆုံး စက္ကန့် ၂၀ ကြာအောင်ဆေးကြောပေးဖို့လိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ခြောက်သွေ့ပြီး ပိုးသတ်ထားတဲ စက္ကူလက်သုတ်ပုဝါများနဲ လက်များကို ခြောက်သွေ့အောင်သန့်စင်ပါ။
စားသောက်ကုန်ထုတ်လုပ်သားများ လက်အိတ်ဝတ်ဆင်ဖို့လိုပါသလား

သင့်တော်တဲ့ လက်ဆေးခြင်းလုပ်ထုံးလုပ်နည်းတွေရှိပါက လက်နဲ့အစားအစာများကို ပြင်ဆင်ခြင်း၊ ကိုင်တွယ်ခြင်းတို့ကို လက်ခံနိုင်တယ်လို့ဆိုပါတယ်။ စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်သားများက လက်အိတ်များကို ဝတ်ဆင်ပြီး လုပ်ကိုင်လို့ရနိုင်တယ်ဆိုပေမယ့် လက်အိတ်များကို မကြာခဏလဲလှယ်ပေးခြင်း၊ လက်အိတ်များလဲလှယ်တဲ့အချိန်တွေမှာ လက်များကို သေချာဆေးကြောပေးခြင်း စတာတွေကိုတော့ ပြုလုပ်ပေးလို့လိုပါတယ်။ စားသောက်ကုန်ထုတ်လုပ်ခြင်းနဲ့ မသက်ဆိုင်တဲ့လုပ်ငန်းများကို လုပ်ဆောင်ခြင်း၊ တံခါး ဖွင့်/ ပိတ်ခြင်း၊ အမှိုက်ပစ်ခြင်း၊ ပိုက်ဆံများကို ကိုင်တွယ်ရေတွက်ခြင်း စတာတွေကို ပြုလုပ်ပြီးတဲ့အခါမှာ လက်အိတ်များကို လဲလှယ်ပေးရပါမယ်။ လက်အိတ်ဝတ်ထားတယ်ဆိုပေမယ့်လည်း လက်အိတ်များကို ဖယ်ရှားပြီးသည့်အခါမျိုးမှာ လက်များကိုဆေးကြောပေးဖို့လိုအပ်ပါတယ်။ လက်အိတ်များကို မကြာခဏပြောင်းလဲခြင်းနဲ့ လက်ဆေးခြင်းမရှိဘဲ အချိန်ကြာမြင့်စွာ လက်အိတ်များကို ဝတ်ဆင်ပါက လက်အိတ်များဝတ်ဆင်ထားသောကြောင့် ပူနွေးစိုထိုင်းတဲ့အခြေအနေတွေက လက်အရေပြားပေါ်မှာရှိတဲ့ ဘတ်တီးရီးယားတွေကို လျင်မြန်စွာတိုးပွားစေပါတယ်။ လက်အိတ်များကိုချွတ်ပစ်ပြီးနောက် လက်မဆေးဘဲ အစားအသောက်များကို ကိုင်တွယ်မိပါက ရောဂါပိုးများ ကူးစက်နိုင်ပါတယ်။
အဖုံးအကာမပါတဲ့ စားစရာတွေကတစ်ဆင့် ကူးစက်မှုရှိနိုင်ပါသလား

သိပ္ပံနည်းကျအချက်အလက်အရ COVID-19 နှင့် အလားတူ ဗိုင်းရပ်စ်ပိုးများသည် အချို့သောစားစရာမျက်နှာပြင်များတွင် လုံးဝရှင်သန်နိုင်ခြင်းမရှိကြောင်းပြောပါတယ်။ ဒါကြောင့်မို့ ထုတ်ပိုးမထားတဲ့ ကိတ်မုန့်၊ ပေါင်မုန့်၊ သစ်သီးများ၊ အရွက်သုပ် စတာတွေကနေ မကူးစက်နိုင်ဘူးဆိုပေမယ့် တစ်ကိုယ်ရည်သန့်ရှင်းရေးအလေ့အထတွေကတော့ အလေးထားထိန်းသိမ်းဖို့လိုပါတယ်။ ထုတ်ပိုးမထားတဲ့ စားစရာများကို ရောင်းချတဲ့ သူများအနေနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ဖို့လိုပြီး အစားအစာများသန့်ရှင်းပြီး လတ်ဆတ်ကောင်းမွန်မှုရှိမရှိဆိုတာကိုတော့ စားသုံးသူများအနေနဲ့ဂရုတစိုက်ကြည့်ရှုပြီးမှ ဝယ်ယူစားသောက်သင့်ပါတယ်။
ဟိုတယ်နဲ့ စားသောက်ဆိုင်များအတွက် လိုက်နာရန်စည်းကမ်းချက်များ

စားသောက်ဆိုင်လုပ်ငန်းပိုင်ရှင်များနဲ့ မန်နေဂျာများလိုက်နာစေလိုတာကတော့ COVID-19 ကူးစက်မှုကို လျော့ချနိုင်ရေးအတွက် စားပွဲဝိုင်းများကို ၂ မီတာစီခြားနားပြီး နေရာချထားပေးဖို့နဲ့ လာရောက်စားသောက်သူ ကာစတန်မာအရေအတွက်ကိုလည်း ကန့်သတ်ထားဖို့လုပ်ဆောင်သင့်ပါတယ်။ ဝန်ထမ်းများကိုလည်း တစ်ကိုယ်ရည်သန့်ရှင်းမှုကို အလေးထားရန်၊ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိ/မရှိ စစ်ဆေးရန်၊ အစားအစာများနဲ့ အခြားအရာများကို ကိုင်တွယ်ပြီးတိုင်းလက်ဆေးဖို့လိုက်နာရန် လမ်းညွှန်ပြသစစ်ဆေးဖို့လိုအပ်ပါတယ်။ ဝန်ထမ်းများလုပ်ငန်းခွင်မဝင်ရောက်မှီ ကိုယ်အပူချိန်တိုင်းကိရိယာဖြင့် ခန္ဓာကိုယ်အပူချိန်တိုင်းတာပြီး ၃၈°C ဒါမှမဟုတ် ၁၀၀.၄°F အောက်ရှိမှသာ လုပ်ငန်းခွင်အတွင်းဝင်ရောက်စေပါ။ လုပ်ငန်းခွင်အတွင်း ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရန်ခက်ခဲခြင်းနဲ့ အားအင်ကုန်ခမ်းခြင်းများစတဲ့ လက္ခဏာများဖြစ်ပေါ်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အကြောင်းကြားပြီး ဆေးကုသမှုခံယူစေပါ။ စားသုံးသူများကိုလည်း ခန္ဓာကိုယ်အပူချိန်တိုင်းတာပြီး ကိုယ်အပူချိန် ၃၈°C ဒါမှမဟုတ် ၁၀၀.၄°F အောက်ရှိမှသာ ဆိုင်အတွင်းသို့ ဝင်ရောက်စေပါ။ ရေ၊ ဆပ်ပြာနှင့် လက်သန့်ဆေးရည်တို့ကိုထားရှိပေးပြီး လက်ဆေးရန်နေရာများ လုံလောက်စွာထားပေးပါ။ ကာစတန်မာများနဲ့ တိုက်ရိုက်ထိတွေ့ရသောဝန်ထမ်းများ၊ ကာစတန်မာများအတွက်လိုအပ်ပါက အသုံးပြုနိုင်ရန် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းများ ထားရှိပေးနိုင်ပါက ပိုပြီး အဆင်ပြေနိုင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုပါက take-away ဝန်ဆောင်မှုများကိုသာ ပေးစေလိုပါတယ်။ Take-way ဝန်ဆောင်မှုပေးရာတွင်လည်း တန်းစီစောင့်ဆိုင်းသူ ကာစတန်မာများ တစ်ဦးနဲ့တစ်ဦးနီးနီးကပ်ကပ်ရှိမနေစေဖို့အတွက် သတ်မှတ်နေရာများ(အနည်းဆုံး ၃ပေ အကွာအဝေး) ချမှတ်ထားပေးသင့်ပါတယ်ဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။
#Chit_may_may
#Dmo_aung
#Ref- fsai.ie
#Ref- Unicef